သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ် ချုံးကျေးရွာအုပ်စု ဟင်ဝိုးကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က (၃) ရက်ကြာ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဟင်ဝိုးကျေးရွာတွင်းသို့ TNLA တပ်ဖွဲ့များဝင်ရောက်လှုပ်ရှားပြီး ကျေးရွာတွင်းရှိ လုံးစံဆွေ အသက် (၆၀) ခန့်ကို သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
TNLA တပ်ဖွဲ့က လုံးစံဆွေကို (၃) ရက်ကြာ ဖမ်းဆီးထားပြီး ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရသည်။
ပြန်လွတ်လာသည့် လုံးစံဆွေ၏ ပြောပြချက်အရ – TNLA တပ်ဖွဲ့က သူ့ကိုလက်ပြန်ကြိုးတုတ်ပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံရကြောင်း ပြောသည်။
ရိုက်နှက်စစ်ဆေးမှုကြောင့် လုံးစံဆွေ၏ ခြေ၊ လက် နှင့် ပေါင်ကြောတစ်လျှောက်တို့တွင် ညိုမဲဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ယခုလက်ရှိမှာ မိုင်းငေါ့ဆေးရုံတွင် ဆေးကုသနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – လုံးစံဆွေက နားနည်းနည်းလေးတယ်၊ ကျပ်သိပ်မပြည့်ဘူး၊ အသက်ကလဲကြီးပြီ အဲ့လိုလူကိုတောင် သူတို့ (TNLA) က ဒီလောက်နှိပ်စက်တာ၊ သူကဘာအဖွဲ့အစည်းနဲ့မှလည်း ဆက်သွယ်မှုမရှိပါဘူး ဟု ပြောကြားသည်။
ထို့ပြင် မိုင်းငေါ့မြို့နယ် ချုံးကျေးရွာအုပ်စု ဟင်ဝိုးကျေးရွာ၊ ချုံးကျေးရွာ (သစ်)၊ ချုံးကျေးရွာ (ဟောင်း) ရှိ စစ်ရှောင်ဒေသခံများ၏ နေအိမ်များကိုလည်း TNLA တပ်ဖွဲ့ဝင်များက သော့ဖျက်ဝင်ရောက် မွှေနှောက်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။
ယခုလတ်တလော ဒေသတွင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ ကျေးရွာအတွင်း သွားလာလှုပ်ရှားနေသောကြောင့် စစ်ဘေးရှောင် ဒေသခံ ရာနှင့်ချီ နေရပ်မပြန်ရဲသေးကြောင်း သတင်းရရှိသည်။
Taifreedom