မိုင်းငေါ့တွင် အမျိုးသမီး ၂ ဦး မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်းကျေးရွာအုပ်စု ကွမ်းစလန်းကျေးရွာနေ အမျိုးသမီး ၂ ဦး မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် လက်ဖက်ခြံခင်းအတွင်း ညအိပ်ကာ တောင်ယာအလုပ်လုပ်နေသည့် ကွမ်းစလန်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ပါယာနွမ် နှင့် အသက် (၁၃) နှစ်အရွယ် သမီးဖြစ်သူ လွေးဆိုင်လောဝ်တို့ (၂) ဦးသည် ယာတောအနီး ထင်းခွေရေခပ်သွားစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့များ တပ်ဆင်ထားသည့် မိုင်းနင်းမိရာ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းနင်းမိသောကြောင့် မိခင်ဖြစ်သူ ပါယာနွမ်သည် ညာဘက်ခြေထောက်နှင့် ပေါင်တို့တွင် မိုင်းစထိမှန်ပြီး သမီးဖြစ်သူ လွေးဆိုင်လောဝ်မှာ နံရိုးနှင့်ခြေထောက်နှစ်ဖက်လုံးမိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့တွင် အမျိုးသမီး ၂ ဦး မိုင်းနင်းမိ
ဓါတ်ပုံ – အရှင် ခေမာနန္ဒ

ဒဏ်ရာရရှိသူများအား အိုမ်တမောဝ်လူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကွမ်းစလန်း ဒေသခံလူထုက ဆိုသည်။

၎င်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ပင် ကွမ်းစလန်းကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာနေ မိုင်းအိုက်လင်း အသက် ၃၀ နှစ်ကို အစိုးရတပ်မတော်က လမ်းပြအဖြစ်ခေါ်ဆောင်သွားရာ လမ်းတစ်ဝှိုက်တွင် မိုင်းနင်းမိကာ ခြေတစ်ဖက်ကျိုးသွားပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသလျှက်ရှိကြောင်း ဒေသခံလူထုက ဆိုသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲတွင် အစိုးရတပ်မတော် နှင့် တအာင်းပလောင်လက်နက်ကိုင်အဖွဲ့  (TNLA) တို့ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး ဒေသခံလူထုနှင့် ဒေသခံများမွေးမြူထားသည့် ကျွဲနွားများ မကြာခဏ မိုင်းနင်းမိသည့် ဒေသတစ်ခုဖြစ်သည်။

Taifreedom

Facebook

သတင်း