မိုင်းကိုင်မြို့နယ်တအောင်း (ပလောင်) အမျိုးသားပါတီ၏ အလွန်အောက်တန်းကျသော လုပ်ကြံသတင်း ဖြန့်မှုများကို ကျွန်ုပ်တို့ Tai Freedom သတင်းစဉ်မှလုံးဝဆန့်ကျင်ရှုတ်ချကြောင်းထုတ်ပြန်လိုက်သည်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ည ၉ နာရီအချိန်တွင် RCSS/SSA တပ်ဖွဲ့က လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု နောင်လိုင်ရွာတွင်းချဉ်းနင်းဝင်ရောက်ပြီး သေနတ်များပစ်ဖေါက်ခြိမ်းခြောက်ကာ ဒေသခံပလောင်ရွာသားအယောက် ၅၀ တိတိအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုအဖြစ်အပျက်မတိုင်မီ လွန်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း RCSS/SSA တပ်များက နောင်လိုင်ကျေးရွာသားများထံ ဆန်တင်း ၂၃၀ နှင့်တပ်သားသစ်အယောက် ၂၀၀ ဆင့်ဆိုသွားခဲ့ကြောင်း မိုင်းကိုင်မြို့နယ်တအောင်း (ပလောင်) အမျိုးသားပါတီက ဇူလိုင်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ထိုကြေငြာချက်ပါသတင်းအချက်အလက်များနှင့်ပတ်သက်ပြီး အဖြစ်မှန်ဟုတ်မဟုတ် Tai Freedom  မှ RCSS/SSA ဒေသဆိုင်ရာပြည်သူ့ဆက်ဆံရေးရုံး တာဝန်ခံများနှင့် ဆက်သွယ်မေးမြန်းကြည့်ရာ ဖော်ပြပါအချိန်ကာလများအတွင်း ထိုကဲ့သို့ လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်မှုများ ပေါ်ပေါက်ခဲ့သည်ဟု မကြားသိရကြောင်း၊ မိမိတို့ RCSS/SSA တပ်ဖွဲ့မှလည်း အဆိုပါလုပ်ရပ်များကျူးလွန်မှု လုံးဝမပြုလုပ်ခဲ့ရကြောင်း အတည်ပြုပြောဆိုသွားပါသည်။

ထို့အပြင် ကြေငြာချက်တွင်ပါရှိသည့်အတိုင်း အခင်းဖြစ်ပွားသည်ဟု ရည်ညွှန်းထားသောဒေသအတွင်း RCSS/SSA တပ်များအလုံးအရင်းနှင့် အခိုင်အမာတပ်စွဲထားသည်ဟူသောဖော်ပြချက်မှာလည်း လုပ်ကြံစွပ်စွဲချက်သက်သက်မျှသာဖြစ်ကြောင်း၊ RCSS/SSA တွင်ရှေ့တန်းစစ်မျက်နှာများအတွင်း ရန်သူ့အတွက်ပစ်မှတ်ဖြစ်အောင် အခိုင်အမာတပ်စခန်းတည်ဆောက်တပ်စွဲသောပေါ်လစီမရှိကြောင်း စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောဆိုပါသည်။

အဆိုပါလုပ်ကြံကြေငြာချက်နှင့်အတူ လဲချားမြို့နယ် ဝမ့်ပန်ကျေးရွာရှိနေအိမ်တအိမ်တွင် RCSS/SSA မှဖမ်းဆီးထားသော ပလောင်ရွာသား ၅၀ ဦးဟုဖော်ပြထားသည့် ဓါတ်ပုံများကိုပူးတွဲဖေါ်ပြထားသည်ကို တွေ့ရသည်။ သို့ရာတွင် ဖော်ပြပါဓါတ်ပုံများတွင် RCSS/SSA ဟုယူဆရသည့် အထောက်အထားတစုံတရာမျှ မတွေ့ရှိရသဖြင့် လုပ်ဇာတ်ခင်းထားသောဓါတ်ပုံများသာဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။

မိုင်းကိုင်မြို့နယ်တအောင်း (ပလောင်) အမျိုးသားပါတီသည် လူမျိုးရေးမုန်းတီးရေး အမျိုးသားသွေးခွဲရေးပေါ်လစီကိုကအတိအလင်းကိုင်စွဲထားပြီး RCSS/SSA အပေါ် ပြည်သူလူထုများ အထင်အမြင်လွှဲမှားစေမည့် အလားတူလုပ်ကြံသတင်းများ စဉ်ဆက်မပြတ် ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့်တိုင်းရင်းသားလူမျိုးများအကြား စည်းလုံးညီညွတ်မှုပျက်ပြားစေမည့် မိုင်းကိုင်မြို့နယ်တအောင်း (ပလောင်) အမျိုးသားပါတီ​၏ အလွန်အောက်တန်းကျသော လုပ်ကြံသတင်းဖြန့်မှုများကို ကျွန်ုပ်တို့ Tai Freedom သတင်းစဉ်မှ လုံးဝဆန့်ကျင်ရှုတ်ချကြောင်းထုတ်ပြန်လိုက်သည်။

Taifreedom