ပြောပါရစေ

4/5/22 ရက်နေ့တုန်းက မူစယ်မြို့ မော့တောင်းမှာဖြစ်ပွားခဲ့တဲ့ တအာင်းအမျိုးသားတပ်မတော် TNLA  နဲ့  စစ်ကောင်စီစစ်ကြောင်းတို့ရဲ့တိုက်ပွဲကြောင့် မဆီမဆိုင်ကြားကနေမြေစာပင်အဖြစ် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ရှမ်းလူငယ်ကွန်ယှက်အဖွဲ့ TYN ရဲ့ဗဟိုအလုပ်အမှုဆောင်နဲ့  ရှမ်းပြည်ညီညွတ်ရေးဖေါ်ဆောင်မှုကော်မတီ CSSU ရဲ့အတွင်းရေးမှူးအဆင့်ရှိသူ ရှမ်းမျိုးချစ်လူငယ် စိုင်းစံလှ နဲ့သူငယ်ချင်းလူငယ်တစ်ဦးတို့အကြောင်းပြန်တွေးမိရင် အဓိကဇာတ်ကောင်နှစ်ဦးနှစ်ဘက်လုံးကို ပြောချင်စရာလေးတွေဖြစ်လာတယ်။

မသိရင်တော့ ရှမ်းလူငယ်လေးနှစ်ဦးက တိုက်ပွဲတွေကြား ဘယ်လိုရောက်သွားသလဲဘာညာ မေးစရာရှိကောင်းရှိလိမ့်မယ်။ ဖြစ်ပုံကဒီလို။ အစဉ်အလာအရ စီမံချက်နဲ့လုပ်ဆောင်ချက် တသက်လုံးသောက်တလွဲဖြစ်လာတဲ့ စကစ စစ်တပ်ဟာ သူ့စစ်ကြောင်းခရီးထွက်ခါနီးမှာ တွေ့ကရာ ပေါက်ကရလူတွေ ကားတွေဖမ်းပြီးပေါ်တာလိုက်ခိုင်းတယ်။ ဘာအကြောင်းပြချက်နဲ့မှ ခယတောင်းပန်နေစရာမလိုဘူး။ တပ်မတော်အစဉ်အလာလို့ ကျုပ်ပြောတယ်မဟုတ်လား။ ဒီလိုနဲ့ စိုင်းစံလှနဲ့သူ့သူငယ်ချင်းလဲကားတစီးနဲ့အတူ စကစ စစ်ကြောင်းဆွဲတဲ့ပေါ်တာထဲပါသွားတယ်။

အပြည်ပြည်ဆိုင်ရာစကားဝိုင်းအဆင့်နဲ့ပြောရရင် ဒီလူပေါ်တာ မော်တော်ယာဉ်ပေါ်တာတွေဆိုတာ အဘိမဟာလူ့အခွင့်အရေးချိုးဖေါက်မှုကြီးတရပ်ပေါ့။ ဒေသခံစကားနဲ့ပြောရရင်တော့ လုပ်ရိုးလုပ်စဉ်ပေါ့လေ။ စကစ စစ်ကြောင်းက ဒေသခံလူထုအပေါ် မတရားပြုကျင့်မှုကြောင့် အပြစ်မဲ့ရှမ်းမျိုးချစ်လူငယ်လေးနှစ်ယောက် တိုက်ပွဲကြားထဲရောက်သွားတာ။

ရှမ်းပြည်သူပြည်သားများ ကောင်းစွာသိကြတဲ့အတိုင်းပါပဲ။ ပေါ်တာဆိုတာ စကစ စစ်ချီရာလမ်းကြောင်းတလျှောက် အထမ်းသမားအဖြစ် မတန်တဆ အခမဲ့အလုပ်ကြမ်း ခိုင်းစေခြင်းခံရတဲ့အပြင် စကစ စစ်သားတွေအတွက် အသေစားအသေခံ ကျည်ကာလူသားအဖြစ် အသုံးချခံကြရတယ်ဆိုတာ။ စကစ စစ်ကြောင်းယာဉ်တန်းကို TNLA ကလက်နက်ကြီးငယ်တွေနဲ့ဆီးထုလိုက်တာ သေနတ်ပါတဲ့ စကစ စစ်သား ၁၂ ယောက်အထိတောင်ပွဲချင်းပြီးသေတယ်ဆိုတော့ လက်ချည်းဗလာ ဘာမှမပါတဲ့ အရပ်သားရှမ်းလူငယ်လေးနှစ်ယောက်လဲ ဘာခံနိုင်မလဲ သေတာပေါ့။ TNLA တွေကလဲ အရပ်ကားမှန်းသိရက်နဲ့ အသေပစ်တာပဲ။ ဘာလူ့အခွင့်အရေး ဘာစစ်မှုကျင့်ဝတ်တွေမှနားမလည်တော့ဘူး။ အပြစ်မဲ့ပြည်သူလူထုတယောက်အတွက် ဘယ်လောက်စိတ်နာ ရင်နာ အသည်းနာဖို့ကောင်းသလဲ။ မြေစာပင်ဖြစ်သွားရရှာတဲ့ ရှမ်းမျိုးချစ်လူငယ်လေးနှစ်ဦးဟာ ဒေသတွင်းမှာ ရပ်အကျိုးရွာအကျိုး စစ်ဘေးရှောင်များရဲ့အကျိုးအတွက် နှစ်ရှည်လများအားကျိုးမာန်တက်ထမ်းရွက်လာခဲ့တဲ့ အဖိုးတန်ခေတ်ပညာတတ်လူငယ်လေးတွေလို့သိရပြန်တော့ နှမြောတသစိတ်နဲ့အတူ ခံပြင်းစိတ်တွေပေါက်ကွဲခဲ့ရပြန်တယ်။

ဒီအစားထိုးမရတဲ့ဆုံးရှုံးမှုကိုဖန်တီးခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စကစ ဗမာ့တပ်မတော်တို့ရဲ့ လူမဆန်တဲ့လူ့အခွင့်အရေးချိုးဖေါက်မှုကြီးကို ဒီစာညွှန့်လေးနဲ့ ကျုပ်အားပါးတရဆန့်ကျင်ရှုတ်ချလိုက်ပါရစေ။ ဒင်းတို့ရဲ့ယုတ်မာပက်စက်မှုအပေါင်းကို နင်းချေကျော်ဖြတ်ပြီး တို့ရှမ်းမျိုးချစ်စိုင်းစံလှနဲ့သူငယ်ချင်းတို့ ကောင်းရာသုဂတိဘုံသို့ လားပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း။

စိုင်းလိုင်းခွန် (၀၆၀၅၂၂)

Facebook

သတင်း