ပြည်တွင်းစစ်ဘေးရှောင်များ လိုအပ်သည့် အထောက်အပံ့များ ဆက်လက်ပံ့ပိုး ကူညီသွားမည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၅) ကြိမ်မြောက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား  ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များသည် online Video Conferencing ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ အာဆီယံအထူးကိုယ်စားလှယ်က မိမိတို့ NCA-S EAO နှင့် တွေ့ဆုံဖို့ရှိကြောင်း ကြားသိရသဖြင့် NCA-S EAOအနေဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုကြောင်း ၊ တွေ့ဆုံနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း နှင့် ပြည်တွင်းစစ်ဘေးရှောင်များအား အထူးလိုအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပိုမိုပံ့ပိုးပေးနိုင်ရေးအတွက် ဆွေးနွေး နည်းလမ်းရှာပြီး ဆက်လက်ပံ့ပိုး ကူညီသွားမည်ဟု အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် လာမယ့် မတ်လကုန်ပိုင်းတွင် ပြုလုပ်ကျင်းပမည့် NCA-S EAOတို့၏ စတုတ္ထအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းအပေါ် ပြင်ဆင်မှုအခြေအနေ၊ PPST စုဖွဲ့မှုအသစ်နှင့် လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ အဓိက ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပြီး အာဆီယံ အထူးကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ်တို့၏ ပြည်တွင်းခရီးစဥ်ကိစ္စတွေကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် ဤအစည်းအဝေးတွင် PPST ၏ နိုင်ငံရေး ဦးတည်ချက် (၇) ရပ်ကို အခြေခံသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇) ရပ်အား အတည်ပြုနိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၅) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့ နှင့် ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ (၂) ရက်တိတိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

Taifreedom