ပဥ္စမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးအား ယနေ့ကျင်းပ

ပဥ္စမအကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ညှိနှိုင်းရေးအစည်းအ၀ေးကို ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ညှိနှိုင်းရေးအစည်းအ‌ဝေးအား ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငိုမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံး၌ ပြုလုပ်ကျင်းပပြီး NCA-S EAO ညှိနှိုင်းရေးကိုယ်စားလှယ်များ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး (NRPC) ကိုယ်စားလှယ်များ ၊ တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး COVID-19 ရောဂါကာလတွင်းဖြစ်သောကြောင့် NRPC ရိုးသို့ ရောက်ရှိခြင်းမရှိသည့် တချို့သော NCA-S EAO ကိုယ်စားလှယ် နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့မှာ Online Video Conferenceမှ တဆင့် ညှိနှိုင်းရေးအစည်းအဝေးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ညှိနှိုင်းရေးအစည်းအ‌ဝေးအား အစီအစဥ်အရ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းမှ မူအားဖြင့် စတုတ္ထအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးတွင် သဘောတူညီချက်ရရှိထားပြီဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအရာများ နှင့် COVID-19 ရောဂါကာလတွင်း ကျင်းပရနိုင်ဖွယ်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု   ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ ၊ UPDJC အစည်းအဝေးကျင်းပနိုင်ရေး ၊ JICM အစည်းအဝေးကျင်းပနိုင်ရေး စသည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမှာစကားတွင် ပြောကြားခဲ့သည်။

၎င်းမှဆက်လက်၍ ညှိနှိုင်းရေးအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အရေးပါသည့် အစည်းအဝေးဖြစ်သောကြောင့် အားလုံးက အစည်းအဝေး၏ရလဒ်အား စိတ်ဝင်တစားစောင့်ကြည့်နေသဖြင့် ရလဒ်ကောင်းရရှိအောင် မိမိတို့အားလုံးမှာ တာဝန်ရှိကြောင်း နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ရှေ့ဆက်ချီတက်သွားနိုင်ရေးအတွက် အစည်းအဝေးမှာ ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းပေးကြပါဟု အမှာစကားတွင် ပြောဆိုတိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ပဥ္စမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးသည် ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း