နွားကုန်သည်အား အစိုးရတပ်မတော်မှ အကြောင်းမဲ့ ဖမ်းဆီးကာ ငွေကြေးတောင်းခံ

အစိုးရတပ်မတော် ခလရ-၁၅၁ တပ်ရင်းမှ တပ်သားများသည် နွားကုန်သည်နှင့် နွားများကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းကာ မိသားစုဝင်များထံ ငွေကြေးတောင်းခံမှု ကျေးသီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်း လှုပ်ရှားလျှက်ရှိသည့် နေမျိုးအောင် ဦးဆောင်သော အစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် (၁၅၁) တပ်ရင်းမှ တပ်သားများသည် (အင်အားမသိရသေး) ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မတ်ဟူကျေးရွာတွင်းသို့ ဝင်ရောက်လှုပ်ရှားပြီး ကျေးရွာတွင်းရှိ စိုင်းဆိုင် (နွားကုန်သည်) ၊ နွားကျောင်းသား စိုင်းဆမ် တို့နှစ်ဦးနှင့်အတူ နွား (၁၅) ကောင်ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အစိုးရတပ်မတော် ခလရ-၁၅၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက မိသားစုဝင်များထံ ငွေကျပ် (၁၀) သိန်းကို ၎င်းတို့တပ်စခန်းထံသွားရောက် ပေးဆောင်မှသာ ဖမ်းဆီးသွားသူများနှင့် နွားများအားလုံးကို ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ ပြောကြားခဲ့သည်။

အပြစ်မဲ့ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံသည့် အစိုးရတပ်မတော် ခလရ-၁၅၁ တပ်ရင်းသည် ကာလိ-ကွန်ဟိန်းတွင် အခြေစိုက်ထားပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-ရလခ (ခိုလမ်မြို့) လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း