နမ္မတူမြို့နယ်တွင် TNLA လက်နက်ကြီးကြောင့် ဒေသခံပြည်သူဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် TNLA တပ်ဖွဲ့မှ လက်နက်ကြီးများပစ်ခတ်၍ မန်စံကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူထိခိုက်ဒဏ်ရာရရှိကာ မွေးမြူရေးတိရိစ္ဆာန်များ ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု မန်စံကျေးရွာတွင် TNLA တပ်ဖွဲ့မှ ပစ်ခတ်သည့် ၆၀ မမ လက်နက်ကြီးများကျရောက်၍ ဒေသခံပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ၏ မွေးမြူရေးခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သည့် ဝက်များ ၊ ကျွဲများ သေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် မွေးမြူရေးခြံတစ်ခြံမီးလောင်ခဲ့ကြောင်း ၊ ဒေသခံပြည်သူ နှင့် နမ္မတူမီးသတ်အဖွဲ့မှ တာဝန်ရှိသူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပေမယ့် မီးပြင်းပြင်းထန်ထန်လောင်ကျွမ်းမှုကြောင့် မွေးမြူထားတဲ့ ဝက်တွေ အကုန်သေခဲ့တဲ့အပြင် ကျွဲများ လည်း သေဆုံးခဲ့ကြောင်း ၊ လက်နက်ကြီးကျရောက်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိပြီး ဒေသခံပြည်သူများ၏ အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒဏ်ရာရရှိသည့် ရွာသား ၂ ဦးအား ဒေသခံပြည်သူများမှ ဆေရုံသို့ ဝိုင်းဝန်းပို့ဆောင် ကုသမှုခံယူခဲ့ကြောင်း ပြောပြခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု မန်ဝါကျေးရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောက်မှုဖြစ်ပွားပြီး ဒေသခံပြည်သူ၏ ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။

Taifreedom

Facebook

သတင်း