ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် PPST အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

PPST အစည်းအ‌‌ဝေးသို့ PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်အဖွဲ့များ ၊ အကြံပေးပုဂ္ဂိုလ်များ ၊ နည်းပညာအထောက်အကူပြု ပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင်းတွင် အပစ်ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပနိုင်ရေး၊ EAO စုဖွဲ့မှုနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးအတည်ပြုရေး၊လက်ရှိဖြစ်ပေါ်နေသည့် ပြည်ထောင်စုနှင့် ကမ္ဘာ့ရေးရာများ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ရှေ့ဆက်နိုင်းရေးတို့အား အဓိကထား၍ ဆွေးနွေးခဲ့ကြပြီး အချက် (၅) ချက်ပါရှိသည့် ထုတ်ပြန်ကြေညာချက်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာကာ PPST အစည်းအဝေးအား အောင်မြင်ပြီးမြောက်စွာကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ NCA-S EAO၏  လုပ်ငန်းလမ်းညွှန် ပြင်ဆင်ဖြည့်စွက်ချက်များ အတူအတည်ပြုခြင်း ၊ NCA-S EAO ခေါင်းဆောင်များ ကိုယ်စားလှယ်များ၏ ခရီးသွားလာခွင့် နှင့် လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်အပေါ် အကန့်အသတ်များ ၊ အတားအဆီးများနှင့် ပတ်သက်၍ NCA စာချုပ် ပြဌာန်းချက်များနှင့် ကွဲလွဲနေပြီး နှစ်ဖက်ယုံကြည်မှုအပေါ် သက်ရောက်နိုင်သောကြောင့် PPST မှ ကန့်ကွယ်ခြင်း ၊ ICJ မှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရ၏ တာဝန်ယူမှု ၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး အမှန်တရား နှင့် တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်သည် ၊ မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတကာ ပဋိညာဥ် ၊ စာချုပ်စာတမ်းများ ၊ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝန်းတွင် တိုင်ပြည်၏ ပုံရိပ်မြင့်မားလာမည်ဖြစ်ကြောင်း နှင့် ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် သျှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်စလုံးမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိပါသည်။

Taifreedom

Facebook

သတင်း