တိုက်ပွဲမရှိပဲ တပ်မတော်မှ လက်နက်ကြီးများပစ်ခတ်သဖြင့် ဒေသခံတစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ တပ်မတော်အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မနေ့က ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်၌ ကျောက်မဲမြို့အခြေစိုက် အမှတ် ၃၅၂ အမြောက်တပ် (အမတ-၃၅၂) မှ ကျွဲကုန်းကျေးရွာအုပ်စု ကျွဲကုန်းကျေးရွာအနီးသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့သောကြောင့် ဦးတင်မောင်ဝင်း၏ ဂိုဒေါင်ထိခိုက်ပျက်စီးသည့်အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျွဲကုန်းရွာသူ နန်းမွန်းစိန်၏ ဦးခေါင်းနှင့် ဘယ်ဖက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးအား မေးမြန်းရာ အမြောက်တပ်က ခုလိုကျေးရွာတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အကြောင်းအရင်းအား မသိရှိရကြောင်း ၊ ကျေးရွာအနီးတစ်ဝှက်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များလည်း တည်ရှိခြင်းမရှိကြောင်း ၊ ကျွဲကုန်းရွာသူ နန်းမွန်းစိန်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာမှာ ပြင်းထန်သည့် ဒဏ်ရာမဟုတ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဒေသခံပြည်သူများမှ ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပေးပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီဟု ပြောပြခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအုပ်စု ခန့်ခဲကျေးရွာအနီးတွင် တပ်မတော်မှ RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမ်းမီးအဖြစ် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူအိမ်တွင် ကျရောက်ပြီး အိမ်ရှင်ဖြစ်သည့် လုံးကျော်အေးမှ ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးကုသမှုခံယူနေပါသည်။

တိုက်ပွဲမရှိပဲ တပ်မတော်မှ အမြောက်များဖြင့် ဒေသခံပြည်သူများတည်ရှိရာ ရပ်ရွာသို့ ရမ်းတမ်းပစ်ခတ်တိုက်မှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပိုင်း (၃) ၊ အခန်း (၃) အပုဒ် ၉ (က မှ ထ)တွင် ပါရှိသည့် အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုသည့် အချက်အား ချိုးဖောက်နေခြင်းဖြစ်သောကြောင့် ဖြစ်ရင်းအသေးစိတ်သိရှိသူများမှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U)ရုံးသို့ လည်းကောင်း၊ သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-S)ရုံးသို့ လည်းကောင်း စာဖြင့်ပေဖြင့် ပေးပို့တိုင်ကြားနိုင်သည့်အပြင် RCSS/SSA ဆက်ဆံရေးရုံးများသို့လည်း ပေးပို့တိုင်ကြားနိုင်ပါသည်။

Taifreedom

Facebook

သတင်း