တိုက်ပွဲကြောင့် ဒေသခံပြည်သူ တစ်ချို့ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် SSPP/SSA နှင့် TNLA တို့ပူးပေါင်းပြီး RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးတွင် အခြေစိုက်ထားသည့် RCSS/SSA တပ်စခန်းအား မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားအနီးရှိ ကျေးရွာများဖြစ်သည့် နားကျိုင်းကျေးရွာ ၊ ကွန်ကျောင်းကျေးရွာ ၊ ပိန်းလုံကျေးရွာ နှင့် နားကျဲကျေးရွာတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှ ဘေးကင်းရာဖြစ်သည့် မန်စံကျေးရွာအုပ်စု ရွှေစကားဝါကျောင်းတိုက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ယခုလက်ရှိအချိန်တွင် နားကျဲကျေးရွာမှ ဒေသခံပြည်သူတစ်ချို့တာ ထွက်ပြေးတိမ်းရှောင်လာကြောင်း နှင့် စစ်ရေးတင်းမာမှု ၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျှင် စစ်ဘေးရှောင်ပြည်သူများ ဒီထက်ပိုမိုများပြားလာနိုင်ကြောင်း ပြောပြခဲ့ပါသည်။

မန်စံကျေးရွာအုပ်စု ရွှေစကားဝါကျောင်းတိုက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများမှာ နားကျိုင်းကျေးရွာမှ ကျား ၂၇ ဦး ၊ မ ၄၂ ဦး ၊ ကွန်ကျောင်းကျေးရွာမှ ကျား ၃ ဦး ၊ မ ၅ ဦး ၊ ပိန်းလုံကျေးရွာမှ ကျား ၉ ဦး ၊ မ ၁၄ ဦး ၊ နားကျဲကျေးရွာမှ ကျား ၅ ဦး ၊ မ ၉ ဦး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၁၁၄ ဦး ရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း