တပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့မှုထပ်မံဖြစ်ပွား

သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားတပ် နှင့် တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၅၂၅) တပ်ရင်းတို့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ် နားတစ်ကျေးရွာအုပ်စုအတွင်း ယနေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့၌  ထိတွေ့မှုဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် တပ်မတော် ခမရ (၅၂၅) တပ်ရင်းမှ အင်အား ၄၀ ခန့်သည် RCSS/SSA ထိန်းချုပ်နယ်မြေ ပင်လုံမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားတပ်ဖွဲ့များရှိရာ နားတစ်ကျေးရွာအုပ်စု နဲလိန်းကျေးရွာဘက်သို့ အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်လှုပ်ရှားရာမှ ယနေ့ နံနက် ၈:၂၀ အချိန်ခန့်တွင် နှစ်ဖက်တပ်များ ၅ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၁ ဦး ကျဆုံးကြောင်း စစ်မြေပြင် သတင်းပေးပို့ချက်အရ သိရှိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေ ပင်လုံမြို့နယ်အတွင်းသို့ လင်းခေးအခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း (၅၂၅) မှ အင်အား ၉၀ ခန့်သည် စစ်ကြောင်း ၂ ကြောင်းခွဲကာ ကုလားတောင်မှ နားတစ်ကျေးရွာအုပ်စု နဲလိုန်းကျေးရွာဘက်သို့လည်းကောင်း ၊ ပန်းဆေးတောင်တွင် လည်းကောင်း အသီးသီးလှုပ်ရှားလျှက်ရှိပြီး တပ်မတော် ခြေလျင်တပ်ရင်း (၂၉၂) တပ်ရင်းမှ အင်အား ၅၀ ခန့်သည်လည်း ပင်လုံမြို့နယ် ကောင်းပျိုက်တောင်တွင်လည်းကောင်း ဆက်ဆံရေးရုံးများသို့ ဆက်သွယ် အကြောင်းကြားခြင်းမရှိဘဲ ယခု ဇွန်လ နောက်ဆုံးပတ်အတွင်း တောနင်းလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိရာမှ သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ တပ်မတော် တပ်ရင်းများသည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ခိုလမ်မြို့ လက်အောက်ခံတပ်ရင်းများဖြစ်ပြီး ခမရ (၅၂၅) သည် လင်းခေးမြို့တွင် အခြေစိုက်ထားပြီး ခလရ (၂၉၂) တပ်ရင်းသည် နမ့်စန်မြို့နယ် ပိန်းဆိုင်အုပ်စု ကောင်းဆိုင်းကျေးရွာတွင် အခြေစိုက်ထားသည်။

အလားတူစွာ ဇွန်လ ၂၆ ရက်နေ့ မနေ့ကလည်း အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံ တပ်မတော် ခြေမြန်တပ်ရင်း (၅၅၄) တပ်ရင်းနှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဥ်းမြို့နယ် မိုင်းပူးလုံအုပ်စု ပိန်းဆိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Facebook

သတင်း