တန်ဖိုးငွေ ၄၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးသယ်ဆောင်သူတစ်ဦးကို RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများက တန်ဖိုးငွေ ၄၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦးကို သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် လဲချားမြို့နယ်တစ်နေရာ၌ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားများ လုံခြုံရေးယူနေစဉ် Mitsubishi အမျိုးအစား SHN 9H-9270 အနက်ရောင် ကားတစ်စီးအား တားဆီးစစ်ဆေးရာ ယာဘစိတ်ကြွမူးယစ်ဆေးဝါး (၇၀,၀၀၀) ပြား စစ်ဆေးတွေ့ရှိသောကြောင့် မူးယစ်ဆေး သယ်ဆောင်သော ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်သူမှာ အသက် ၃၆ နှစ်အရွယ် စိုင်းအွမ်ခေး ဆိုသူဖြစ်ပြီး လင်းခေးမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

တန်ဖိုးငွေ ၄၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးသယ်ဆောင်သူတစ်ဦးကို RCSS/SSA မှ ဖမ်းဆီးရမိ

အဆိုပါမူးယစ်ဆေးဝါးများကို မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုနေ စိုင်းထွန်းနိုင်ဆိုသူထံမှ အခကြေးငွေဖြင့် သြဂုတ်လ ၂၁ ရက်နေ့တွင် သွားရောက်ယူဆောင်လာပြီး ကျေးသီး-မိုင်းနန်း-လဲချားမှတစ်ဆင့် နမ့်စန်မြို့နယ်ဘက်ကို ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုမူးယစ်ဆေးဝါးများကို စိုင်းသီဟဆိုသူက လာရောက်ယူဆောင်မည်ဖြစ်ပြီး စုစုပေါင်း ၄,၅၀၀,၀၀၀ ကျပ် တန်ဖိုးရှိကြောင်း စိုင်းအွမ်ခေးက ထွက်ဆိုချက်ပေးခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင်သူ စိုင်းအွမ်ခေးနှင့် သက်သေခံပစ္စည်းများဖြစ်သည့် ယာဘစိတ်ကြွ ဆေးပြား ၇၀,၀၀၀ ပြား၊ ကား (၁) စီးတို့ကို RCSS/SSA တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးပပျောက်ရေး ပေါ်လစီနှင့်အညီ အရေးယူခြင်း နှင့် အကျင့်စာရိတ္တပြုပြင်မွမ်းမံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom