ဆင်သေကောင်ကို ကြာရွက်နဲ့ ဖုံးလို့ မရပါ

ဘယ်အရာက ကောင်းခြင်း၊ ဆိုးခြင်းဆိုတာကို ဗဟုသုတရှိသူ ဦးနှောက်ရှိတဲ့ လူတိုင်းက ခွဲခြားသိမြင် ပါတယ်။ ယနေ့ကာလဟာ နည်းပညာ(IT)ခေတ် ဖြစ်လို့ ဘယ်သူက ကောင်းတာလုပ်တယ်၊ မကောင်းတာ လုပ်တယ် ဆိုတာကို ဖုံးကွယ်လို့ မရပါ။

တော်လှန်ရေး အဖွဲ့အစည်းများအပေါ်  အကြမ်းဖက်ခြင်းနဲ့ပတ်သက်ပြီး စစ်တပ်က ခေတ်အဆက်ဆက် အပြစ်ဖို့နေခြင်းကို ဘယ်သူက အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို လူထုက ကောင်းစွာ သိပြီး ဖြစ်တယ်။

အစိုးရက ကောင်းမွန်စွာ အုပ်ချုပ်ပြီး တိုင်းပြည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် လူထုက ဆန္ဒပြ တော်လှန်မှာမဟုတ်၊ တော်လှန်ရေး အဖွဲ့အစည်းများလည်း ရှိမှာမဟုတ်၊ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရကတည်းက ယနေ့ကာလအထိ အာဏာရှိသူတွေက လူထုတွေကို ခေတ်အဆက်ဆက် ဖိနှိပ် အုပ်ချုပ်လာခဲ့တယ်။ ဉပေဒ ရေးဆွဲကျင့်သုံးခဲ့ပေမယ့် အာဏာရှင်တို့ အတွက်သာ ဖြစ်တယ်။ လူထုမှားရင် ဉပဒေနဲ အပြစ်ပေးအရေးယူပြီး အုပ်ချုပ်သူတွေမှားရင် တိုင်းပြည် အေးချမ်းတည်ငြိမ်ရေးအတွက် လုပ်တာဆိုပြီး အပြစ်ပေး အရေးယူခြင်းမရှိ။

မေတ္တာတရားဆိုတာဟာ ကိုယ်စိတ်နှလုံးနဲ့ ဆောင်ရွက်ပြရမှာ ဖြစ်တယ်။ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရား” ဆောင်ရွက်မယ်ဆိုရင် တရားဆိုတာ ရှိမှာမဟုတ်၊ လူထုအတိဒုက္ခရောက်ခြင်း၊ နေအိမ်မီးရှို့ခံရခြင်း၊  နှစ်ပေါင်းကြာရှည် တိုင်းပြည် မီးတောက်လောင်ခြင်း ဖြစ်နေချိန်တွင် ဆင်သေ ကောင်လုံးကြီးကို ကြာရွက် ဖုံးအုပ်ပေးရုံနဲ့  ဆင်သေနံ့ ပျောက်သွားမယ်မဟုတ်။

တော်လှန်ရေးအဖွဲ့အစည်းများဟာ လူထုအတွက် ဆောင်ရွက်တာဆိုပြီး ရည်ရွယ်ချက် ကောင်းပေမယ့် လုပ်နည်းလုပ်ဟန်က “ပွဲလန့်တုန်းဖျာခင်း” ဖြစ်တယ်။ ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်ပြီး သက်ဆိုင်ရာ နယ်မြေမှာ အရှင်သခင်တွေ လုပ်နေကြတယ်။ လူထုကို လှည့်ဖြားတာ လူပုဂ္ဂိုလ်ရော အဖွဲ့အစည်းပါ ရှိတယ်။ တော်လှန်ရေး ခရီးကြာညောင်းရတာဟာ  တော်လှန်ရေး အဖွဲ့အစည်းတွေမှာ တာဝန်မကင်းဘူး။

ဘယ်သူကဘာလုပ်တယ်ဆိုတာကိုသိဖို့ လူထုအနေနဲ့ လူတွေအကြာင်းနဲ့ နိင်ငံရေးအကြောင်းကို များများ လေ့လာဖို့ လိုတယ်။ လောကကြီးရဲ့ အရှုပ်အထွေးတွေကို  မလေ့လာဘဲ တော်လှန်မယ်ဆိုရင် လူမိုက်တွေက အောင်နိုင်သူ ဖြစ်သွားပြီး လူကောင်းတွေကျတော့ ထွက်ပြေးတိမ်းရှောင်သူ၊ အတိဒုက္ခ ရောက်သူတွေ ဖြစ်သွားမယ်။

မောက်ဆီအို(စွယ်တော်ပန်း)
1 August 2023

Facebook

သတင်း