စစ်အာဏာသိမ်းပြီး ခြောက်လအကြာ အိမ်စောင့်အစိုးရဟု ပြင်ဆင်ဖွဲ့စည်း

နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရထံမှ မြန်မာစစ်တပ်အာဏာသိမ်းပြီး ခြောက်လပြည့်သည့်နေ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ထိုအိမ်စောင့်အစိုးရအဖွဲ့တွင် စစ်ကောင်စီဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဒုတိယဝန်ကြီးချုပ်ကိုတော့ စစ်ကောင်စီ ဒု-ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်တာဝန်ယူထားပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့် အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။

စစ်ကောင်စီဖွဲ့စည်းချိန်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်အတိုင်း နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ်‌ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

၄င်းနောက် တိုင်းဒေသကြီး (သို့) ပြည်နယ် စစ်ကောင်စီတွေကိုလည်း အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကာ ဌာနဆိုင်ရာဝန်ကြီး၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အချို့ကိုလည်း အစားထိုးထားသည်။

သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုတော့ ယခင်သျှမ်းပြည်နယ်စစ်ကောင်စီ ‌ဒေါက်တာကျော်ထွန်းကို ခန့်အပ်ထားသည်။

ယခု ထုတ်ပြန်သည့် အမိန့် ကြေညာစာများကို စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်အာဏာသိမ်းသည့် ခြောက်လပြည့်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောရာတွင် အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် သြဂုတ်လအထိ အာဏာထိန်းသိမ်းထားမည် ပြီးလျှင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲပြုလုပ်ကာ အာဏာရသူကို လွှဲပေးမည်ဟု ပြောကြားထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှု (၆) လအကြာ စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉၄၀ ဦးသေဆုံးခဲ့ရပြီး နိုင်ငံတွင်း၌လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားမှုကြောင့် နေ့စဉ်နှင့်အမျှပြည်သူများ အသက်ဆုံးရှုံးနေရချိန်မှာ စစ်ကောင်စီက ယခုလို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းနေခြင်း ဖြစ်သည်။

Taifreedom

Facebook

သတင်း