စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် သေနတ်သံများ လက်နက်ကြီးသံများ ငြိမ်သက်သွားပေမယ့် စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော် နေရပ်မပြန်နိုင်သေးပဲ ကျေးရွာဘုန်းတော်ကြီး‌ကျောင်းများတွင် ဆက်လက်တည်ရှိနေသေးကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ယနေ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကျောက်မဲမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တပ်မတော်တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများ သေနတ်သံများ လက်နက်ကြီးသံများ ငြိမ်သက်သွားပြီဖြစ်ပေမယ့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် မိမိတို့နေအိမ်သို့ ပြန်ဖို့ရန် ကျေးရွာတွင်းနှင့် ‌ကျေးရွာအနီးတစ်ဝှက်တွင် တပ်မတော်မှ ခေတ္တစခန်းချထားသဖြင့် စိုးရိမ်ကြောင်းကျမှုများဖြစ်ပေါ်၍ နေရပ်သို့ မပြန်ရဲသေးပဲ ဖြစ်နေကြောင်း ဒေသခံတွင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

စစ်ဘေးရှောင် ဒုက္ခသည်များသည် တောင်ထိပ်ကျေးရွာအုပ်စု တောင်ထိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၆၄၆ ဦး ၊ ကောင်းမှူးခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၅၀ ဦး ၊ ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၇၁၈ ဦး ၊ ကွန်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၉၇ ဦး ၊ ပင်ပေါ်ကျေးရွာအုပ်စု ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၈၆ ဦး ၊ ခန့်ခဲကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၈၆ ဦး ၊နောင်ကွမ်ကျေးရွာအုပ်စု နောင်ကွမ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၉၅ ဦး ၊ ဟဲကွီကျေးရွာအုပ်စု ဟဲကွီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၂၅ ဦး ၊ နားဆောင်းကျေးရွာအုပ်စုတွင် ၁၇၀ ဦး နှင့် အုမ်ဟစ်ကျေးရွာအုပ်စုတွင် ၄၃၀ ဦး စုစုပေါင်း ၃၅၀၃ ဦးတို့ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအုပ်စု ခန့်ခဲကျေးရွာအနီးတွင် တပ်မတော်မှ RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမ်းမီးအဖြစ် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူအိမ်တွင် ကျရောက်ပြီး ပေါက်ကွဲမှုကြောင့် လုံးကျော်အေးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပါသည်။

ထို့အပြင်  ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်၌ ကျောက်မဲမြို့အခြေစိုက် အမှတ် ၃၅၂ အမြောက်တပ် (အမတ-၃၅၂) မှ ကျွဲကုန်းကျေးရွာအုပ်စု ကျွဲကုန်းကျေးရွာအနီးသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့သောကြောင့် ဦးတင်မောင်ဝင်း၏ ဂိုဒေါင်ထိခိုက်ပျက်စီးသည့်အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျွဲကုန်းရွာသူ နန်းမွန်းစိန်၏ ဦးခေါင်းနှင့် ဘယ်ဖက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဤကိစ္စများနှင့် ပတ်သက်၍ အစိုးရတပ်မတော်မှ တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပိုင်း (၃) ၊ အခန်း (၃) အပုဒ် ၉ (က မှ ထ)တွင် ပါရှိသည့် အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုသည့် အချက်အား ချိုးဖောက်နေခြင်းဖြစ်သောကြောင့် ဖြစ်ရင်းအသေးစိတ်သိရှိသူများမှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U)ရုံးသို့ လည်းကောင်း၊ သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-S)ရုံးသို့ လည်းကောင်း စာဖြင့်ပေဖြင့် ပေးပို့တိုင်ကြားနိုင်သည့်အပြင် RCSS/SSA ဆက်ဆံရေးရုံးများသို့လည်း ပေးပို့တိုင်ကြားနိုင်ပါသည်။

Taifreedom

Facebook

သတင်း