ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (၂၄/၂၀၂၁)အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် စတင်ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၄) ကြိမ်မြောက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား  ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များသည် Video Conferencing online ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြ ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှ တက်ရောက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ PPST၏ နိုင်ငံရေးဦးတည်ချက်(၇)ရပ်အား အခြေခံပြီး လမ်းပြမြေပုံ (၇) ဆင့်အတွက် ဆွေးနွေးညှိနှိုင်းနေသည့် PPST  အကြံပေး စဝ်ဟန်‌ယောင်ဟွေ ဦးစီးဆောင်ရွက် ပြုလုပ်နေသည့် PPST အလုပ်ရုံဆွေးနွေးပွဲ အခြေအနေအား ဆွေးနွေးတင်ပြဖို့ရှိပြီး အလုပ်ရုံ ရှေ့ဆက်လုပ်ငန်းစဥ်အတွက် သဘေားထားချမှတ်ဖို့ရှိကြောင်း၊ တိုက်ပွဲများကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ထိထိရောက်ရောက် အကူအညီ ပေးနိုင်ရေးအတွက် ဆွေးနွေးပြီး သဘောထားချမှတ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် PPST အနေဖြင့် တတ်နိုင်သည့်နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အဖွင့်မိန့်ခွန်းတွင် ထည့်တွင်းပြောကြားခဲ့ပါသည်။

ထို့အပြင် တပ်မတော်၏ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်းကိစ္စ၊ NUCC ဦးဆောင်ကျင်းပသည့် ပြည်သူ့ညီလာခံ အခြေအနေ၊လာမည့် မတ်လ နှောင်းပိုင်းမှာ ကျင်းပဖို့ရည်ရွယ်ထားသည့် NCA-S EAOတို့၏ စတုတ္ထညီလာခံ(ဒုတိယပိုင်း) ကျင်းပနိုင်ရေးအတွက် ညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် တင်ပြသည့်အပေါ် ဆွေးနွေးခြင်း၊ ပြည်တွင်းသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဥ်အနေအထား ဆွေးနွေးသွားရန် စီစဥ်ထားပြီး တိကျသည့် ရှေ့ဆက်လုပ်ငန်းစဥ်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၄) ကြိမ်မြောက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ (၂) ရက်တိတိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

Taifreedom