ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်းမင်းပြောကြား

နှစ်ရက်တာပြုလုပ်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST ၏ ၂၂ ကြိမ်‌မြောက် အစည်းအဝေး အပြီးတွင် ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း နိဂုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

အစည်းအဝေးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းမှ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး၊ စစ်ရေး ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခန်းကဏ္ဍများဖြင့် ဆွေးနွေးသုံးသပ်ပြီးနောက် PPST ၏ နိုင်ငံရေးရည်မှန်းချက် (၇) ရပ်ကို အကောင်အထည်ဖေါ်ဆောင်ရာတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဥ်များ သုံးသပ်ခြင်းနှင့် ရှေ့ဆက်လုပ်ငန်းစဥ်များကို ချမှတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းမှဆက်လက်၍ အရပ်သားများ အကာအကွယ်ပေးမှုကို ရှေးရှု၍ ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း၊ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးဟု PPST အနေဖြင့် ယုံကြည်ပြီး သက်ဆိုင်ရာ နိုင်ငံ‌ရေးအစုအဖွဲ့များ၊ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်းရှာကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်မိန့်ခွန်းအဖြစ် ပြောကြားခဲ့ပါသည်။

NCA-S EAO တို့၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) အား နှစ်မကုန်ခင် ဒီဇင်ဘာလ တတိယပတ်လောက်တွင် ပြုလုပ်ကျင်းပမည်ဟု သတ်မှတ်ထားပြီဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ရန် အချိန်လိုအပ်နေသောကြောင့် ၎င်းညီလာခံအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း