ကျေးသီးမြို့နယ်တွင် RCSS/SSA မှ မူးယစ်ဆေးဝါးအမြောက်အများဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးရောင်းဝယ်သယ်ဆောင်သူ ၄ ဦးအား မူးယစ်ဆေးဝါးအမြောက်အများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးမီးရှို့ဖျက်စီးအခမ်းအနားအား ဒေသခံရွာသူရွာသားများနှင့် သံဃာတော်များ အသိသက်သေပြုကာ ပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် RCSS/SSA မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များတို့ပူးပေါင်းပြီး ထိန်းချုပ်ရာနယ်မြေတွင်း စီစစ်ရေးပြုလုပ်နေစဥ် စိုင်းခမ်းလ အသက် ၂၆ နှစ် ၊ စိုင်းဆန်စိုင်း အသက် ၃၀ နှစ် ၊ စိုင်းညှီး အသက် ၂၀ နှစ်၊ စိုင်းခမ်း အသက် ၄၂ နှစ် တို့စီးနင်းလာသည့် ကား ၃ စီးအား မသႅကာ၍ စစ်ဆေးရာ ၎င်းတို့သယ်ဆောင်လာသည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၆ သိန်းပြား ၊ ဘိန်းဖြူ ၁၀ ကီလိုဂရမ် ၊ ဘိန်းစိမ်းတစ်ချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ၎င်းတို့ ၄ ဦးအား စစ်ဆေးမေးမြန်းရာ အဆိုပါမူးယစ်ဆေးဝါးများသည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ဒေသတွင်းရှိလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ထံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး ဝယ်ယူသူထံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးများအား ကျေးသီးမြို့နယ် မိုင်းနင်ကျေးရွာအုပ်စုတွင် မီးရှို့ဖျက်စီးသည့်အခမ်းအနားပြုလုပ်ကျင်းပရာ သံဃာတော်များ ၊ ဒေသခံပြည်သူလူထုများ စုစုပေါင်း ၁၀၀၀ ကျော် မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်စီးခဲ့ပါသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၄ ဦးအား RCSS/SSA မှထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ အရေးယူခြင်း ၊ အကျင့်စာရိတ္တပြုပြင်မွန်းမံခြင်း ၊ ဆေးကုသပေးခြင်း နှင့် မူးယစ်ဆေးဝါးဖြတ်ပေးခြင်း စသည့် မွန်းမံမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း