ကျေးလက်ပြည်သူဆေးပေးခန်းအား တပ်မတော်မှ ဖောက်ထွင်းမွှေနှောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် တည်ရှိသော ကျေးလက်ပြည်သူဆေးပေးခန်းအား တပ်မတော်တပ်ဖွဲ့ဝင်များမှ ဖောက်ထွင်းမွှေနှောက်ပြီး ဆေးများ နှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် လဲချားမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ကန်းအွန်ကျေးရွာသို့ စစ်ရေးလှုပ်ရှားလာသော အမှတ် ၅၂၇ ခြေမြန်တပ်ရင်း (ခမရ-၅၂၇)သည် ကန်းအွန်ကျေးရွာရှိ  ကျေးလက်ပြည်သူဆေးပေးခန်းတွင် စခန်းချတည်ခိုသည့်အပြင် ဆေးပေးခန်း၏ အသုံးအဆောင်ပစ္စည်းများအား စိတ်ကြိုက်ယူသုံးပြီး ဆေးပစ္စည်းများ သိုလောင်ထားသော အခန်းကိုလည်း တပ်မတော်တပ်ဖွဲ့ဝင်များမှ ဖောက်ထွင်းမွှေနှောက်ကာ ဆေးများ နှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ဆက်လက်၍ ကန်းအွန်ကျေးရွာရှိ  ကျေးလက်ပြည်သူဆေးပေးခန်းသည် ဖောက်ထွင်း မွှေနှောက်ခံရပြီး ဆေးများ နှင့် ဆေးဖက်ဆိုင်ရာပစ္စည်းများဆုံးရှုံးခဲ့ရသည်မှာ ဤအကြိမ်ဆိုလျှင် ဒုတိယကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  ဖွဲ့ဝင်များမှ ဖောက်ထွင်းမွှေနှောက်ကာ ဆေးများ၊ ဆေးဖက်ဆိုင်ရာပစ္စည်းများ နှင့် အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွားခဲ့ဖူးသည်ဟု ၎င်းမှ ဆက်လက်ပြောပြခဲ့ပါသည်။

အဆိုပါ အမှတ် ၅၂၇ ခြေမြန်တပ်ရင်း (ခမရ-၅၂၇)သည် မိုင်းဆတ်အခြေစိုက်တပ်ရင်း ဖြစ်ပြီး အမှတ် ၁၄ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၄)၊ တြိဂံတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom