ကျောက်မဲ-မိုင်းလုံကားလမ်းမတွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်များသည် မိမိတို့ ထိန်းချုပ်ရာဒေသအတွင်း လှုပ်ရှားလျှက်ရှိစဉ် ကျောက်မဲ-မိုင်းလုံ ကားလမ်းမတစ်နေရာ၌ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ကားတစ်စီးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် RCSS/SSA တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူလူထု၏ ကြိုတင်သတင်းပေးပို့ချက်အရ ကျောက်မဲ-မိုင်းလုံကားလမ်းတစ်ဝှိုက်တွင် မူးယစ်ဆေးဝါးများ စစ်ဆေးလျှက်ရှိ ရာ အဖြူရောင် Suzuki ကားတစ်စီးအား မသင်္ကာ၍ တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား (၇၉၁၄၁) ပြား နှင့် ဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၀.၂၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။

RCSS/SSA တာဝန်ရှိသူများက စိစစ်ကြည့်ရာ အဆိုပါမူးယစ်ဆေးဝါးများသည် ကွတ်ခိုင်မြို့နယ် ၊ ကောင်းခါးဒေသမှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ထိုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်မတော်ထံ အခမ်းအနားဖြင့်  သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု တစ်နေရာတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲ-မိုင်းလုံကားလမ်းမတွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ RCSS/SSA မှ ဖမ်းဆီးရမိ

အဆိုပါ မူးယစ်ဆေးဝါးလွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် RCSS ၏ မူးယစ်ဆေးဝါး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၇၉၁၄၁) ပြားနှင့် ဘိန်းဖြူ ၁၀.၂၈ ကီလိုဂရမ်ကို ကျောက်မဲအခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် ဗိုလ်ကြီး ဇာနည်အောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာလူကြီးများ ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူအချို့က အသိသက်သေအဖြစ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

မူးယစ်ဆေးဝါးလွဲပြောင်းပေးသည့်အကြောင်းရင်းနှင့် ပတ်သက်၍လည်း RCSS မှ ၎င်း ၁၈ ရက်နေ့တွင်ပင် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့တွင် သဘောတူထားသည့်အတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အစဉ်တစ်စိုက် တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်ဖြစ်၍ ထိုသို့ မူးယစ်ဆေးဝါး လွဲပြောင်းပေးအပ် ခြင်းသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် ပြည်သူလူထုအတွက် ဦးတည်ပြီး RCSS ၏ တာဝန်ခံမှု ၊ ပွင့်လင်းမြင်သာမှုတို့ကို ထင်ဟပ်စေသည့်အပြင် အစိုးရ ၊ တပ်မတော် နှင့် RCSS တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

Taifreedom

Facebook

သတင်း