ကျောက်မဲမြို့နယ်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်မှုကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

အစိုးရတပ်မတော်မှ ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအုပ်စု ၊ ပင်တိန်ကျေးရွာအုပ်စု နှင့် ပုံဝိုးကျေးရွာအုပ်စုတွင်  တိုက်ပွဲဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့နံနက် ၁၀ နာရီ၌ တပ်မတော်မှ ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု ကောင်းမူးလိန်ကျေးရွာအနီးရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် တပ်မတော်မှ ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီးရှိ RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ခဲ့ပါသည်။

ဤတိုက်ပွဲနှင့်ပတ်သက်၍ တိုက်ပွဲတွင်း ဒဏ်ရာရရှိသည့် တပ်မတော်သားဦးရေ အတိအကျ မသိရှိသေးကြောင်းနှင့် ဒဏ်ရာရရှိသည့် စစ်သားများအား ကျောက်မဲမြို့  ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံသတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ညပိုင်းတွင်လည်း အစိုးရတပ်မတော်မှ နားခေါ်ကျေးရွာအုပ်စုအနီးရှိ RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နေလည် ၁ နာရီခန့်၌ စခန်းသာကျေးရွာအုပ်စု စခန်းသာကျေးရွာအနီးတွင် အစိုးရတပ်မတော်မှ တစ်ဖက်သက် လက်နက်ကြီးငယ်များ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိပ်လန့်ကြောက်ရွံ့နေရသည့်အပြင် RCSS/SSA တည်ရှိခြင်းမရှိသည့် နောင်ရှင်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများသို့ အစိုးရတပ်မတော်မှ ရဟတ်ယာဥ်(Helicopter)အသုံးပြုပြီး တမင်တကာ ဗုံးကြဲချခဲ့သဖြင့် ဒေသခံပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုအား သိရှိခြင်းမရှိသေးချေ။

ကျောက်မဲမြို့နယ်တွင် အရှိန်အဟုန်ဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း အောက်တိုဘာလ ၇ ရက်နေ့၌ တပ်မတော်မှ ရဟတ်ယာဥ်(Helicopter)အသုံးပြုပြီး ကူပစ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်မှ NCA စာချုပ်တွင်ပါရှိသည့် သဘောတူညီချက်များချိုးဖောက်ကာ RCSS/SSA တည်ရှိသည့် တောတောင်တွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ အလွန်အကျွံ အခက်အခဲကြုံတွေ့နေရကြောင်း ၊ တိုက်ပွဲဖြစ်ပွားသည်မှာ တောတောင်တွင်းသာဖြစ်ပွားပြီး အစိုးရတပ်မတော်မှ ရဟတ်ယာဥ်(Helicopter)အသုံးပြုပြီး နောင်ရှင်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများနေထိုင်ကြသော ဒေသခံပြည်သူများအား ပစ်မှတ်ထား၍ ဗုံးကြဲချခြင်းဖြစ်ကြောင်း ၊ RCSS/SSA တပ်ဖွဲ့သည် NCA ချိုးဖောက်ခြင်းမရှိပဲ NCAစာချုပ်တွင် ပါရှိသည့် သဘောတူညီချက်အတိုင်း သွားလာလှုပ်ရှားနေခြင်းဖြစ်ပြီး တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း နှင့် သတင်းမီတီယာသမားများအား RCSS/SSA တပ်ဖွဲ့သည် နယ်မြေကျူးကျော်၍သာ တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု ပြောဆိုစွပ်စွဲနေမည့်အစား တပ်မတော်တွင်း အရာရှိငယ်များနှင့် တပ်မတော်သားများအား NCA နှင့် Bilateral သဘောတူစာချုပ် အဆင့်ဆင့်တွင် ပါရှိသည် သဘောတူညီချက်များအား ဖတ်ကြားလေ့လာစေလိုကြောင်း ကျွန်တော်တို့အနေနဲ့ တပ်မတော်အကြီးအကဲများအား တိုက်တွန်းလိုပါကြောင်း RCSS/SSA ‌ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးမှ ပြောကြားပါသည်။

အစိုးရတပ်မတော်မှ တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ရဟတ်ယာဥ်(Helicopter)အသုံးပြု၍ လက်နက်ခဲယမ်းများပို့ဆောင်ပေးခြင်း ၊ဗုံးကြဲတိုက်ခိုက်ခြင်း ၊  အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) အင်းအား ၂၀၀ ခန့်သည် ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာဖက်သို့ ချီတက်သွားခြင်း စသည့် လက်နက်အင်အားဖြည့်စီးမှုပြုလုပ်နေကြောင်း ဒေသတွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း ၃ အပိုဒ် ၈ (ခ)တွင်ပါရှိသည့် တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်နယ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန် ဟူသည့်အချက်အတိုင်း အစိုးရတပ်မတော်မှ RCSS/SSAထံ သတင်းပေးပို့မှုမရှိပဲ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ လက်နက်ကိုင်ဆောင်၍ လှုပ်ရှားသွားလာသည့်အပြင် ငြိမ်းချမ်းရေးမလိုလားသည့် အသွင်ဖြင့် RCSS/SSAတပ်ဖွဲ့အပေါ်  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် NCA စာချုပ်တွင် ပါရှိသည့် သဘောတူညီချက်အား အစိုးရတပ်မတော်မှ ချိုးဖောက်နေခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း