ကျောက်မဲတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား ၊ သားအမိ ၂ ဦးကျည်ထိမှန် ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာအနီး တွင် အစိုးရတပ်မတော် နှင့် တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲကြောင့် သားအမိ ၂ ဦးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများ ပြောပြချက်အရ သိရသည်။

အစိုးရတပ်မတာ်နှင့် TNLA တပ်ဖွဲ့တို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားရာ TNLA တပ်ဖွဲ့က ကျေးရွာလူထုများအား အကာအကွယ်ယူပြီး ရွာပြင်ရှိ တပ်မတော်ကို ပြန်လည်ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံလူထုအား အကာအကွယ်ယူနေသည့်  TNLA တပ်ဖွဲ့ထံ တပ်မတော်က ရွာပြင်ရှိ တောင်ကုန်းပေါ်မှနေပြီး လက်နက်ကြီးငယ်ဖြင့် ကျေးရွာတွင်းသို့ ပစ်ခတ်ရာ လူနေအိမ်များ ထိမှန်ကာ ၎င်းနေ့ညနေ ၆ နာရီအချိန်ခန့်တွင် ညောင်မောင်းကျေးရွာနေ ဒေါ်ခင်စိန်၏ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့ပြီး နေအိမ်တွင်းရှိ ဒေါ်ခင်စိန် အသက် (၄၇) နှစ် နှင့် သမီးဖြစ်သူ နန်းခမ်းအောင် အသက် (၁၄) နှစ် တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ကျေးရွာတွင်းသို့ လက်နက်ကြီးငယ်များကျရောက်ခဲ့ရာ နွား (၁) ကောင် ပွဲချင်းပြီးသေဆုံး၍  မြင်း (၁) ကောင်၏ ခြေထောက်ကို ကျည်စထိမှန်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် နေအိမ် (၁၀) အိမ် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများမှာ ညောင်မောင်း ကျေးရွာဘုန်းကြီးကျောင်း ၊ စိုင်းအိုက်ခင် + နန်းထွေးကြည် ၊ စိုင်းစော + နန်းစိန်မြ ၊ စိုင်းအိုက်မောင် + နန်းခေါင် ၊ စိုင်းအုန်းလွင်+နန်းဆိုင်အွမ် ၊ စိုင်းလှသောင်း+နန်းစိန်ညွှန့် ၊ စိုင်းမောင်ဟန်+နန်းယု ၊ စိုင်းဌေး ၊ ပါခင်မေ ၊ စိုင်းချစ်မောင် နှင့် စိုင်းအောင်မြင့်+နန်းနွဲ့ စသည့် နေအိမ်များဖြစ်ကြောင်း ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သိရသည်။

ကျောက်မဲတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား ၊ သားအမိ ၂ ဦးကျည်ထိမှန် ပွဲချင်းပြီးသေဆုံး

တိုက်ပွဲဖြစ်ပွားပြီး မကြာမီ ကျေးရွာတွင်းသို့ တပ်မတော်စစ်ကြောင်းများဝင်ရောက်လာပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေချိန် ကျေးရွာတွင်းရှိ ဒေသခံများ၏ စားနပ်ရိက္ခာများ ၊ စီးပွားဖြစ်မွေးမြူထားသည့် တိရိစ္ဆာန်များ ၊ အိမ်သုံးပစ္စည်းများနှင့် ငွေကြေးများကို ရှာဖွေမွှေနှောက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဒေသခံများပေးပို့သည့် စာရင်းများအရ ငွေကြေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများဆုံးရှုံးခဲ့ရသည့် ဒေသခံများမှာ (၁) လုံးကျော်မြင့် ၃၀၀၀၀၀ (သုံးသိန်း) ကျပ် ၊ (၂) လုံးဂုဏ ၁၀၀၀၀၀ ကျပ် ၊ (၃) ပါမိုင် ၁၄၂၅၀၀ ကျပ် ၊ (၄) စိုင်းညွှန့် ၅၃၀၀၀ ကျပ် ၊ (၅) နန်းခင်မေ ၁၄၀၀၀၀၀၀ ကျပ် (၆) စိုင်းမင်း ၃၀၀၀၀၀ ကျပ် (၇) လုံးထွန်း+ပါဆောင်တို့၏ နေအိမ်မှ ရွှေလက်စွပ် (၁) ကွင်း (ကာလတန်းဖိုး ၁၅၀၀၀၀၀ ကျပ်) နှင့် ရွှေနားကပ် ၁ ရံ (ကာလတန်ဖိုး ၁၀၀၀၀၀ ကျပ်) (၈) နန်းမြစိန် လက်ကိုင်ဖုန်း ၁ လုံး (၉) လုံးပန်းစိန် လက်ကိုင်ဖုန်း ၁ လုံး (၁၀) လုံးဆန်ပီး လက်ကိုင်ဖုန်း ၁ လုံး (၁၁) နန်းခင်လေး လက်ကိုင်ဖုန်း ၁ လုံး နှင့် နန်းခင်မေ၏ ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုး ၂၅ သိန်းကျော်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စာရင်းအရ တပ်မတော်မှ နေအိမ်တွင်းရှာဖွေမွှေနှောက်ကာ ယူဆောင်သွားသည့် စားနပ်ရိက္ခာများမှာ – (၁) လုံးဘ၏ နေအိမ်မှ ဆန် ၁ အိတ် ၊ ၅ ပိဿာဆန့် စားသုံးဆီ ၁ ပုံး  (၂) စိုင်းညွှန့်၏ နေအိမ်မှ ဆန် ၁ အိတ် ၊ ၅ ပိဿာဆန့် စားသုံးဆီ ၁ ပုံး ၊ ဆား ၁၀ ပိဿာ ၊ ကြက် ၂ ကောင် (၃) နန်းမုန်၏နေအိမ်မှ ဆန် ၁ အိတ် ၊ ၅ ပိဿာဆန့် စားသုံးဆီ ၁ ပုံး ၊ အချိုမှုန့် ၅ ထုပ် (၄) စိုင်းထွန်းစိန်၏နေအိမ်မှ ဆန် ၁ အိတ် ၊ ၅ ပိဿာဆန့် စားသုံးဆီ ၁ ပုံး (၅) စိုင်းအိုက်ဌေး၏ နေအိမ်မှ ဆန် ၁ အိတ် ၊ ၅ ပိဿာဆန့် စားသုံးဆီ ၁ ပုံး  ၊ အချိုမှုန့် ၂ ထုပ် (၆) နန်းညွှန့်၏ နေအိမ်မှ ၁၀ ပိဿာဆန့် စားသုံးဆီ ၁ ပုံး (၇) နန်းပုံး၏ နေအိမ်မှ ၁၀ ပိဿာဆန့် စားသုံးဆီ ၁ ပုံး (၈) လုံးအောင်ကြည်၏ နေအိမ်မှ ကြက် (၆) ကောင် (၉) စိုင်းညွှန့်၏ နေအိမ်မှ ကြက် ၂ ကောင် နှင့် (၁၀) စိုင်းဇော်မင်း၏ နေအိမ်မှ ကြက် ၄ ကောင် ယူဆောင်သွားကြောင်း ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သိရသည်။

ကျောက်မဲတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား ၊ သားအမိ ၂ ဦးကျည်ထိမှန် ပွဲချင်းပြီးသေဆုံး

TNLA တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်လည်း TNLA နှင့် အစိုးရတပ်မတော်တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းနေ့ရက်တွင်ပင် နှစ်ဖက်တပ်များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။

Taifreedom

Facebook

သတင်း